Monday, June 22, 2009

နှုတ်ဖျားက စကား

လူတွေအချင်းချင်း ဆက်သွယ်ပြောဆိုဖို့ လူ့ရဲ့နှုတ်ကထွက်လာတဲ့ အဓိပ္ပါယ်ရှိတဲ့ အသံ(သို့မဟုတ်) စကား ….။ အဲဒီစကားလေးတွေကြောင့် လူတွေပျော်ရွှင်ရသလို အဲဒီစကားလေးတွေကြောင့်ပဲ လူတွေငိုကြွေးကြရတယ်။ သင်လည်း စကားတွေပြောနေတဲ့ လူတစ်ယောက်၊ ကျွန်မလည်း စကားတွေပြောနေတဲ့ လူတစ်ယောက်။ ဒီလိုဆိုရင် ကျွန်မတို့ ဘယ်လိုစကားတွေ ပြောကြမလဲ ???.. အခြားသူတွေကို ပျော်ရွှင်စေတဲ့ စကား၊ တန်ဖိုးရှိတဲ့ စကား၊ အဓိပ္ပါယ်ရှိတဲ့ စကားတွေ ပြောမလား၊ ဒါမှမဟုတ် စိတ်ညစ်စေတဲ့ စကား၊ ပေါ့ပျက်ပျက် စကား၊ မကြားဝံ့ မနာသာ စကားတွေ ပြောမလား။ ကိုယ်ကိုယ်တိုင်ရော ဘယ်လိုစကားမျိုးလေးတွေ ကြားချင်မလဲ… အထွေအထူး စဉ်းစားနေစရာတောင် မလိုလောက်အောင် လူတိုင်းက တန်ဖိုးရှိပြီး နားဝင်ချိုတဲ့ စကားမျိုးကိုပဲ ကြားချင်ကြမှာပါ။ ဒါဆိုရင် ကျွန်မတို့လည်း သူများကို တန်ဖိုးရှိပြီး နားဝင်ချိုတဲ့ စကားမျိုးပဲပြောရမှာပေါ့နော်… ကိုယ်ချင်းစာတရားရှိရမယ်လေ။ “နှုတ်ချိုလျှိုတစ်ပါး” ပေါ့ရှင်။ ငယ်ငယ်ကလည်း မြန်မာဖတ်စာမှာ သင်ခဲ့ကြရပါတယ်..
“တစ်ယောက်စကား ..xxx.. တစ်ယောက်နားမှာ ..xxx.. မခါးရအောင် ..xxx.. သတိဆောင်၍ ..xxx.. မောင်တို့ဆိုလေ ..xxx.. ပျားသကာသို့ ချိုလှစေ” တဲ့။

တစ်ကယ်တော့ စကားလုံးလေးတွေဖြစ်လာဖို့ ရင်ထဲကခံစားပြီး ဦးနှောက်ကစေခိုင်းလို့ အာခေါင်၊ လည်ချောင်း၊ လျှာ၊ နှုတ်ခမ်းတို့က လှုပ်ရှားကြရတာပါ။ ဒီလိုဆို စကားလုံးတွေရဲ့ ရေသောက်မြစ်က စိတ်နှလုံးသားပေါ့..။ ဟုတ်တယ်.. ဒါကြောင့် စိတ်ကိုရှင်းရှင်းလေးထားပြီး စကားကို ရိုးရိုးသားသားလေး ပြောကြရအောင်။ ရင်ထဲက ပြောချင်တဲ့ စကားတွေကို ဦးနှောက်ကစိစစ်ပြီးမှ နှုတ်ဖျားကထုတ်လွှတ်ကြရအောင်လေ။ သတိတရား လက်ကိုင်ထားပြီး စကားကို ဆင်ဆင်ခြင်ခြင် ပြောကြမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲခြင်း၊ စိတ်ဆိုးနာကျည်းခြင်းတွေ မရှိဘဲ လူမှုဆက်ဆံရေးတွေမှာ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ကိုယ်ကလည်း ရိုးသားစွာပြောတဲ့ အပြင် သူများအပြောကိုလည်း အထအန မကောက်ပဲ ရိုးရိုးပဲတွေးလိုက်ပါ။ စကားတိုင်းကို မကောင်းတဲ့ဘက်က တွေးနေရင် သင့်ရဲ့စိတ်တွေလည်း ကြည်လင်နေမှာ မဟုတ်တော့ဘူးလေ။ ပုထုဇဉ်လူသားတိုင်းမှာ အတ္တ၊ မာန ကိုယ်စီတော့ ရှိကြတာပေါ့။ ဒါကြောင့် ကိုယ့်ကိုပြောလာရင် မခံနိုင်မယ့်စကားမျိုး သူများကိုလည်း မပြောပါနဲ့လို့ အကြံပြုပါရစေ။

အတင်းအဖျင်းစကား၊ ကုန်းတိုက်စကား၊ တင်စီးကြောမောစကား၊ နှိမ့်ချလှောင်ပြောင်စကား၊ ဝါကြွားဂုဏ်ဖော်စကား၊ မုသားလိမ်လည်စကား စတာတွေဟာ လောကီရေးအရ ကြည့်မယ်ဆိုရင်လည်း အင်မတန်အောက်တန်းကျသလို လောကုတ္တရာရေးအရ ကြည့်ပြန်ရင်လည်း ငရဲရောက်ကြောင်း အကုသိုလ်တရားတွေပါပဲ။ ” ခြေချော်လျှင် လဲရုံမျှ၊ နှုတ်ချော်လျှင် ငရဲဘုံကျ” လို့အဆိုရှိပါတယ်။ ဒါ့အပြင် ”စကားစကား ပြောပါများ၊ စကားထဲက ဇာတိပြ” ၊ ” ကြမ်းကျွံလျှင် နှုတ်လို့ရတယ်၊ စကားကျွံလျှင် နှုတ်လို့မရ” ၊ ”ဆိုခဲစေ၊ မြဲစေ” ၊ ”စကားနည်း၊ ရန်စဲ” စတဲ့ စကားပုံတွေ၊ ဆိုရိုးတွေဟာလည်း စကားကိုဆင်ခြင် ပြောဆိုကြဖို့ အသိပေးထားခြင်း ဖြစ်ပါတယ်။ ကိုယ်ပြောတဲ့ စကားရဲ့အဓိပ္ပါယ်ကို ကိုယ်သိရပါမယ်။ တည်ကြည်တဲ့စကား၊ သိက္ခာရှိတဲ့စကား ဖြစ်ရပါမယ်။ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူနိုင်ရပါမယ်။ ပျော်စေပျက်စေ စနောက်တာမျိုး ဆိုရင်တောင် တစ်ပါးသူမနစ်နာစေအောင် ထိန်းသိမ်းရပါမယ်။ စကားတွေဟာ ပြောသူရဲ့အဆင့်အတန်းနဲ့ ကိုယ်ကျင့်သိက္ခာကို ဖော်ပြနေတဲ့အတွက် သတိထားပြောဆို ကြပါစို့ရှင်။

Wednesday, June 10, 2009

ပွဲနေပွဲထိုင်အလွဲ

ကျွန်မဘဝမှာ ပွဲနေပွဲထိုင်အခမ်းအနားတွေနဲ့ပတ်သက်ပြီး အမှတ်တရအလွဲလေးတွေရှိခဲ့တယ်။ ကျွန်မနှစ်တန်းအရွယ်လောက်မှာ အမေ့ဘက်ကအမျိုးတွေစုပြီး ရှင်ပြုပွဲအကြီးအကျယ်လုပ်ကြတယ်။ အဲဒီခေတ်က အခမ်းအနားတွေမှာ ဗွီဒီယိုရိုက်တာ စပြီးခေတ်စားကာစအချိန်။ ဒီပွဲကိုလည်း ဗွီဒီယိုရိုက်မှ ခေတ်မီမှာပေါ့။ ဒီတော့ တစ်မျိုးလုံးတစ်ဆွေလုံး ပြိုးပြိုးပျက်ပျက်တွေဝတ်ကြပါလေရော။ ကျွန်မလည်းရွှေအိုရောင်ဂါဝန်လေးနဲ့ လှလို့။ ဒါပေမဲ့… ဒါပေမဲ့.. ကျွန်မရဲ့အလှတွေမပေါ်လွင်ခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ဗွီဒီယိုထဲ ပါချင်လွန်းလို့ ကင်မရာမင်းသွားသမျှနောက်ကို ဟိုပြေးဒီပြေး လျှောက်လိုက်နေတာနဲ့ပဲ မြောက်သစ်ကိုင်းလွတ်ဖြစ်ခဲ့လို့ပါ။ အခွေထွက်လာလို့ ကြည့်ကြတော့ ဟိုပြေးဒီပြေးနဲ့ ဂါဝန်အစွန်းလေးပဲ ရိပ်ကနဲ ရိပ်ကနဲ (သေချာပါတယ်လေ.. ရွှေအိုရောင်ဂါဝန်လေး)  ။ ထုံးစံအတိုင်း ကျွန်မရဲ့အဖြစ်ဟာသူတို့အတွက် ရယ်စရာဖြစ်ရပြန်ပြီ။ အမျိုးတွေစုံတိုင်း ဒီအခွေကိုကြည့်ကြည့်ပြီး ရယ်ကြတယ်။

အထက်ပါကိစ္စက ငယ်သေးလို့ထားလိုက်အုံး။ ကြီးကောင်ကြီးမားကျမှ လွဲတာတွေကတော့……. ကျွန်မတတိယနှစ်မှာ ကျွန်မရဲ့ကျောင်းနေဖက်အစ်မတစ်ယောက် IBC မှာမင်္ဂလာဆောင်လို့ ကျွန်မက မင်္ဂလာပန်းကုံးဗန်းကိုင်ပေးရတယ်။ သိမ့်(သူလဲအတန်းထဲကကျွန်မတို့သူငယ်ချင်းပဲ)က မင်္ဂလာပန်းကြဲရတယ်။ လက်ထပ်လက်စွပ်ဗန်းကိုင်တာနဲ့ အရံတွေကတော့ အစ်မတို့အမျိုးတွေထင်တယ်။ ပန်းကြဲ၊ ဗန်းကိုင်တွေရော အရံတွေပါ အားလုံးဆင်တူလေးတွေနဲ့ လှချင်တိုင်းလှနေကြတာပေါ့လေ။ မိတ်ကပ်ကလည်း နာမည်ကြီး ခင်စန်းဝင်း။ သတို့သားဘက်ကရော အစ်မဘက်ကပါ အသိုင်းအဝိုင်းကြီးကြလို့ မင်္ဂလာပွဲဟာ အတော်လေးကို စည်ကားပါတယ်။ အစ်မနဲ့အရမ်းရင်းနှီးတဲ့ ကျောင်းကအတန်းသူ အတန်းသားတွေလဲလာကြတယ်။ သူတို့တွေလား… အကုန်လုံးကကျွန်မနဲ့ခင်တဲ့သူတွေပဲလေ။ ကျောင်းက ဆရာ၊ ဆရာမတွေလဲပါရဲ့။ အခမ်းအနားမှူးဦးကျော်စိုးဦးက ပွဲတက်ခါနီးမှ ရောက်လာတယ်။ ပြီးတော့ ပွဲထွက်ရမယ့်အစီအစဉ်တွေကို ခပ်မြန်မြန်လေးပြောသွားတယ်။ ကျွန်မကထင်ထားတာ ရီဟာဇယ်အရင်လုပ်ပြီးမှ ပွဲထွက်ရမယ်ပေါ့။ ခုတော့ဒီလိုမဟုတ်ပေါင်.. တန်းပြီးထွက်ရမှာတဲ့။ ကိစ္စမရှိပါဘူးလေ.. ကိုယ်ကရှေ့ဆုံးကမှမဟုတ်တာ။ ဘာမှလွဲစရာမရှိဘူး။ တစ်ကယ်တမ်း ပွဲထွက်တော့ရင်တွေတုန်လာတယ်။ ဘေးဘီဝဲယာမှာ ကျောင်းကလူတွေလေ။ ခြေလှမ်းမှားလို့မရဘူး .. ဒင်းတို့ဝိုင်းဟားကြမှာ။ ဟယ်.. ပြောရင်းဆိုရင်း သိမ့်က လုပ်ပြီ။ ပန်းတွေကို လမ်းတစ်ဝက်နဲ့တင် အကုန်ကြဲပစ်တာ ကျန်တဲ့လျှောက်လမ်းတစ်ဝက်မှာ ကြဲစရာမရှိတော့ဘူး။ ဒါကိုဒင်းက ဟန်မပျက်အောင်ဆိုပြီး ဘာမှမပါပဲနဲ့ လက်ကလေးနဲ့ကြဲဟန်ပြပြီး ဆက်လျှောက်သွားတယ်။ ထင်တဲ့အတိုင်း ဟိုကောင်တွေတခွိခွိရယ်သံကို ကြားနေရပြီ။ စင်ပေါ်တက်ခါနီးကျတော့ သတို့သား၊ သတို့သမီး နဲ့ အရံတွေပဲတက်ရတယ်။ ကျွန်မတို့က အောက်နားမှာစောင့်နေရပြီး ပန်းကုံးစွပ်ပေးမဲ့ လူကြီးတွေ တက်ခါနီးမှ ဦးကျော်စိုးဦးကခေါ်မှာ။ ဟော.. ခေါ်ပြီ။ ကျွန်မရင်တထိပ်ထိပ်နဲ့ တက်သွားတယ်။ ပြီးတော့ ဝင်ထိုင်လိုက်တယ်.. သတို့သားဘေးမှာ။ သတို့သမီးက ကျွန်မကိုမျက်နှာရိပ်မျက်နှာကဲပြပြီး ပါးစပ်ကလေးလှုပ်ရုံ လှမ်းပြောတယ် “ ညီမ မထိုင်ရဘူးလေ.. ဘေးမှာရပ်နေရမှာ“ တဲ့။ သတို့သားကလည်း ပြုံးစိစိဖြစ်သွားတယ်။ ကျွန်မလည်းကမန်းကတမ်း ထရပ်လိုက်တယ်။ ဦးကျော်စိုးဦးက အနားကိုမသိမသာကပ်လာပြီး “ သမီးကဘာလို့ထိုင်လိုက်ရတာလဲ.. သတို့သားဘေးမှာပဲ ရပ်နေရမှာလေ“ တဲ့ ။ ဟွန်း.. အစကတည်းက စောစောလာပြီး သေချာပြောပါလားလို့။ ပွဲမထွက်ခင် သူကပြောတော့ သမီးနာမည်ခေါ်ရင် တက်လာပြီး သတို့သားဘေးမှာနေရာယူရမယ် တဲ့။ သတို့သားဘေးမှာ မတ်တပ်ရပ်နေရမယ် လို့ရှင်းရှင်းလင်းလင်းပြောပါလား။ ခုတော့.. စင်မြင့်ထက်မှာ အရှက်ရစရာတွေဖြစ်ကုန်ပြီ။ ရှက်လိုက်တာနော်။ ဝတ္ထုတွေထဲမှာရေးထားသလို အဲဒီအချိန်မှာကျွန်မလေ ရေငွေ့လေးအဖြစ်ကွယ်ပျောက်သွားချင်ခဲ့တယ်။ ရှက်လွန်လွန်းလို့။ နောက်နေ့ ကျောင်းဖွင့်တော့ ဒီသတင်းဟာ hot news တစ်ပုဒ်ပေါ့ရှင်။ သူငယ်ချင်းတွေက “နင်ဒီလိုအတင်းနေရာဝင်လုဖို့တော့ မကောင်းပါဘူး၊ အစ်မမျက်နှာကိုထောက်အုံးမှပေါ့“ ဆိုပြီးတစ်မျိုး၊ “လိုချင်ပွင့်ပွင့်လင်းလင်းပြောပေါ့.. အခုတော့အားလုံးစိတ်ညစ်ရတာ“ ဆိုပြီး ထွန်းအိန္ဒြာဗိုလ်သီချင်းနဲ့ကတစ်ဖုံ၊ သတို့သမီးကလည်း “ကြည့်စမ်း နင်တို့တွေဇာတ်လမ်းရှိခဲ့မှန်းခုမှသိရတယ်” ဆိုပြီးတစ်မျိုး ဝိုင်းစကြပါလေရော။ ခံရမှာပဲလေ.. တုံးတာကိုး ။

Monday, June 8, 2009

ကိုယ့်ဘဝနဲ့ကိုယ်

ဟာကွာ…..
ဘာတွေလာလာ ဖြစ်နေတာလဲ
ငါညစ်တာ အဲဒါတွေပဲ…

နင်တို့တွေမပြည့်ဝလို့ ဘောင်ဘင်ကြိုက်သလောက်ခတ်
ငါ့ကိုတော့ လာမပတ်သက်နဲ့
ငါ့ကိုယ်ရေးကိုယ်တာကိုလည်း လာမစွက်ဖက်နဲ့……

ငါ့မှာလည်း သိပ်လှတဲ့အတောင် တစ်စုံရှိတယ်
နင်တို့ထက် ဟိုးအမြင့်ထိရောက်အောင် ပျံလို့ရတယ်…..

ဝမရှိပဲဝိလုပ်ပြီး လာလာမကြွားနဲ့
ငါ့အတွက်တော့ ကြားရတာ ဟာသစကားပဲ….

မပြောဘဲနဲ့ ငြိမ်နေတိုင်း မတတ်ဘူးတဲ့လား
လောကနီတိကိုရော ဖတ်ဖူးရဲ့လား
သူများနဲ့လိုက်ပြိုင်နေရတာကိုရော မရှက်ဘူးလား…

ဟုတ်တယ်.. နင်တို့နဲ့ မယှဉ်နိုင်တာ တစ်ချက်မှာ
ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး ပညာကိုတော့ ငါမတတ်ပါ

နေစမ်းပါ ကိုယ့်ဘဝနဲ့ကိုယ်
ကောင်းကင်ကို ပြောသလို
“ ကိုယ့်ခေါင်းထဲက မီးလုံးကို အလင်းဆုံးထင်ကြတာပဲ..
ကိုယ့်မီးလုံးနဲ့ ကိုယ်လင်း
သူများမီးလုံးကိုတော့ လာမခွင်းကြေး “ ……

Friday, June 5, 2009

ငယ်ငယ်တုန်းက အကြောင်းလေးတွေ (၂ )

ငယ်ငယ်ကအကြောင်းလေးတွေ ဆက်ပြောရအုံးမယ်။ တစ်ခါက အမျိုးတွေအားလုံးစုပြီး အဖိုးရဲ့ဇာတိ တိုက်ကြီးမြို့နယ် အောက်စုကျေးရွာကို အလည်သွားကြတယ်။ အဲဒီနေရာက နည်းနည်းတော့ခေါင်တယ်ထင်တယ်။ လျှပ်စစ်မီးလဲမရှိဘူး။ ဒါပေမဲ့ ကောက်ရိုးပုံတွေပေါ်တက်ဆော့၊ ဆီးသီးတွေကောက်၊ နွားလှည်းတွေစီးနဲ့ ပျော်ဖို့တော့ကောင်းတယ်။ ညရောက်တော့ လူကြီးတွေကလည်း လဘ္ဘက်သုပ်၊ ပဲကတ္တီပါပြုပ်၊ ရေနွေးကြမ်းနဲ့ ဝိုင်းဖွဲ့ပြီးစကားလက်ဆုံပြောမကုန်ပေါ့။ ကျွန်မတို့ ကလေးအဖွဲ့ကလည်း တစ်ဝိုင်းသတ်သတ် သရဲအကြောင်းတို့ စုန်းအကြောင်းတို့ ပြောပြီးကျောချမ်းနေကြတာ။ တောထုံးစံအတိုင်း ရေနံဆီမီးခွက်ထွန်းထားတာဆိုတော့ ဘာမှသဲသဲကွဲကွဲမမြင်ရဘူးလေ။ အဲဒီမှာ ကျွန်မရဲ့အလွဲတွေ စတာပဲ….။ ပဲကတ္တီပါပြုပ်ထဲမှာ ဖြူဖြူအလုံးလေးတစ်ချို့ကို ခပ်မှုန်မှုန်တွေ့လိုက်တယ်။ စိတ်ထဲမှာ.. “ ဟယ်.. တောကပဲကတ္တီပါပြုပ်လေးတွေက ငါတို့ဆီကလိုမဟုတ်ဘူးတော့.. ဖြူဖြူအလုံးလေးတွေဟ “ ဆိုပြီး သူများထက်ဦးအောင် သုံး၊ လေးလုံး အမြန်ခပ်ပြီးပါးစပ်ထဲကောက်ထည့်လိုက်တာ..။ “ အီး.. ဟီး.. ငန်လိုက်တာ..ဖွီး .. ဆားတွေ ၊ ဆားခဲတွေ” အဲဒါနဲ့ ငန်တယ်ငန်တယ်ဆိုပြီး ပါးစပ်ထဲကဆားတွေသွားထွေးထုတ်မလို့ ထပြေးတာနှစ်လှမ်း၊ သုံးလှမ်းပဲရှိသေးတယ် “ဘုတ်” ဆိုအောက်ပြုတ်ကျပါလေရော။ သူတို့တောအိမ်တွေက ကွပ်ပျစ်တစ်ဝက် မြေစိုက်တစ်ဝက်တွေလေ။ ကျွန်မက ကြမ်းပြင်တစ်ပြေးညီထင်ပြီး အပြေးတစ်ပိုင်းလျှောက်သွားတာ လူကြီးဒူးကျော်ကျော်မြင့်တဲ့ ကွပ်ပျစ်ပေါ်ကနေ ပြုတ်ကျတော့တာပေါ့။ ပါးစပ်က ငန်တာကတစ်မျိုး၊ ပြုတ်ကျလို့ နာတာကတစ်မျိုး၊ မေမေဆူလို့ စိတ်ညစ်တာကတစ်မျိုး၊ မောင်နှမတွေ ဝိုင်းရယ်ကြလို့ ရှက်တာကတစ်မျိုး…. အို.. အမျိုးပေါင်းကိုစုံသွားတာပါပဲ။ ဟီးဟီး… ခုပြန်တွေးကြည့်တော့ ရယ်ရတယ်။

တစ်ခါတုန်းကလည်း ဒေါ်လေးက ရုပ်ရှင်သွားကြည့်တာ ကျွန်မနဲ့ ကျွန်မရဲ့တစ်ဝမ်းကွဲညီမလေးကိုခေါ်သွားတယ်။ အဲဒီတုန်းကကျွန်မက ရှစ်နှစ်၊ သူကခုနစ်နှစ်လောက်ပဲရှိအုံးမယ်ထင်တယ်။ ဒေါ်လေးသူငယ်ချင်း အန်တီမူမူ လည်းပါတယ်။ အပြန်မှာ ဘတ်စ်ကားစောင့်နေတုန်း ဘယ်သူမှန်းမသိတဲ့ဦးလေးကြီးတစ်ယောက်က ကျွန်မညီမလေးရဲ့ ပါးကိုဆွဲသွားတယ်။ ကျွန်မညီမလေးက ဆံပင်ရှည်ရှည်လေးနဲ့ ချစ်စရာကောင်းပါတယ်။ အဲဒီလူကြီး ညီမလေးပါးကိုဆွဲသွားတာလဲမြင်ရော ကျွန်မလဲ ဘာမပြောညာမပြောနဲ့ ညီမလေးရဲ့ပါးကို ခပ်ဆတ်ဆတ်လေးပိတ်ရိုက်လိုက်တယ်။ ဒေါ်လေးက “ ဟဲ့ ဟဲ့.. ဘာလို့ အဲဒီလိုလုပ်ရတာလဲ “ ဆိုပြီးဆူတာပေါ့။ အရိုက်ခံလိုက်ရတဲ့ညီမလေးကတော့ ပါးစပ်လေးအဟောင်းသားနဲ့ ကြောင်ကြည့်နေရှာတယ်။ ကျွန်မကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ဒေါ်လေးကိုရှင်းပြလိုက်ပါတယ်။ “အဖွားကပြောထားတယ် ဒေါ်လေးရဲ့.. ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက်က ကိုယ့်အသားကိုလာတို့ရင် အဲဒီနေရာကို ခပ်နာနာလေး မြန်မြန်ရိုက်လိုက်ရတယ်တဲ့.. အခုခေတ်မှာ ခလေးတွေကိုထုံဆေးနဲ့တို့ ခေါ်သွားပြီးတော့ ရောင်းစားတတ်ကြတယ်တဲ့” လို့ရှင်းပြလိုက်တယ်။ ကျွန်မခုလိုရှင်းပြလိုက်တော့မှ ညီမလေးကကျွန်မကို “ကယ်တင်ရှင်ကြီး” ဆိုတဲ့အကြည့်နဲ့လား ? ?? “နေနှင့်အုံးပေါ့” ဆိုတဲ့အကြည့်နဲ့လား??? ဘာမှန်းမသိတဲ့ အကြည့်မျိုးနဲ့ ကြည့်နေပြန်ပါတယ်။ ဒေါ်လေးနဲ့ သူ့သူငယ်ချင်းကတော့ တခိုးခိုးတခွိခွိနဲ့ရယ်မဆုံးတော့ပါဘူး။ ကျွန်မကလည်း တစ်ကယ်ကိုစိုးရိမ်စိတ်နဲ့ ရိုက်လိုက်တာလေ။ ဟိုဦးလေးကြီးကလည်းတစ်ကယ်ကို ချစ်စရာကောင်းလို့ ပါးလိမ်ဆွဲသွားတာပဲ။ ဒါကတော့ ကျွန်မရဲ့စေတနာ အလွဲလေးပါ။ နောက်ထပ် မရေမရာအလွဲလေးတွေ.. အသေအချာအလွဲလေးတွေလဲရှိသေးတယ်။ နောက်မှဆက်ပြောပြမယ်နော်။

Thursday, June 4, 2009

ငယ်ငယ်တုန်းက အကြောင်းလေးတွေ (၁)

ကျွန်မငယ်ငယ်တုန်းက သိပ်တုံးတာပဲ (ခုလဲနည်းနည်း တုံးသေးတယ်)။ လုပ်လိုက်ရင် တလွဲချည်းပဲ။ ကြောက်တတ်လိုက်တာလဲလွန်ရော။ လူတွေကိုလဲကြောက်တယ်။ တစ်ခါမှ မမြင်ဘူးတဲ့ သရဲကိုလည်း ကြောက်တယ်။ အဆူ၊ အရိုက်ခံရမှာလဲကြောက်တယ်။ ဖား၊ ခရု၊ အိမ်မြောင် တို့ကိုလည်းကြောက်တယ်။ အို.. အားလုံးကိုကြောက်နေတာပါပဲ။ ငယ်ငယ်တုန်းက ဘယ်လောက်ကြောက်တတ်သလဲဆိုရင် တစ်ခါက အဘိုးနေမကောင်းဖြစ်တော့ ကျွန်မက ရှိက်ကြီးတငင်ငိုတာတဲ့။ ပါးစပ်ကလည်း "အဖေကြီးမသေရဘူး အဖေကြီးမသေရဘူး" လို့အော်ပြီးငိုတာ(အဘိုးကို အဖေကြီးလို့ခေါ်တာ)။ အဘိုးဘေးနားမှာ အဘွားလည်းရှိနေတယ်လေ။ အဘွားက မေးတယ် "ငါ့မြေးလေးက အဘိုးကို သိပ်ချစ်တာပဲလား"တဲ့။ ဒါကိုကျွန်မက ဘာဖြေတယ်မှတ်လဲ "ဟင့်အင်း၊ အဖေကြီးသေရင် သရဲဖြစ်ပြီး လာခြောက်မှာစိုးလို့" လို့ ရိုးသားစွာဖြေလိုက်တယ်။ နေမကောင်းတဲ့ အဘိုးတောင် ကျွန်မအဖြေကြောင့် ရယ်လိုက်တာလေ တော်တော်နဲ့မရပ်နိုင်ဘူး။ ကျွန်မကအဲသလို ပါးနပ်တာ။

နောက်ပြီး ကျွန်မရဲ့အားနည်းချက်တစ်ခုရှိသေးတယ်။ အဲဒါကတော့ အစားမက်တာပဲ။ ကျွန်မငယ်ငယ်က အဘိုးတွေ အဘွားတွေနဲ့အနေများတယ်။ ဖေဖေ့အလုပ်က ခရီးသွားနေရတာ။ မေမေကလည်း ရုံးဝန်ထမ်း။ အဘိုးက ကျွန်မကိုအရမ်းချစ်တာ။ အပြင်ကပြန်လာတိုင်း စားစရာ တစ်ခုခုပါလာတတ်တယ်။ တစ်ခါတော့ အဘိုးတို့ အိမ်အရောင်းအ၀ယ်ကိစ္စ အမှု ဖြစ်နေတဲ့အချိန် ရုံးချိန်းကနေ စိတ်ရှုပ်ပြီးပြန်လာတဲ့အဘိုးကို ဘာစားစရာပါလဲဆိုပြီး အတင်းလိုက်မေးတာ။ အဘိုးက ဘာမှမပြောပေမဲ့ အဘွားကစိတ်တိုပြီး "ဘာမှမပါဘူးဟေ့ လဥ ပဲပါတယ်" လို့ ရွဲ့ပြောလိုက်တယ်။ အဲဒီမှာတင် ကျွန်မက "လဥစားမယ် လဥစားမယ်" ဆိုပြီး ကြမ်းပြင်မှာလူးလှိမ့် ငိုတာတဲ့ ( ဟီးဟီး.. အဲဒီတုန်းက ဘာမှန်းမှမသိတာ )။ ဒေါသဖြစ်နေတဲ့ အဘိုးနဲ့အဘွားမှာ ကျွန်မကိုကြည့်ပြီး အူတက်အောင်ရယ်ကြသတဲ့။

အစားမက်တဲ့အကြောင်းနဲ့ပတ်သက်တဲ့ ရယ်စရာလေးတွေပြောရဦးမယ်။ တစ်ည..ကျွန်မအိပ်ပျော်မလိုဖြစ်ပြီးမှ အသံတစ်ခုကြားလို့နိုးလာပြီး နားစွင့်လိုက်တယ်။ အဘွားရဲ့ခြင်ထောင်ထဲက ”ခွပ်..ခွပ်” ဆိုတဲ့အသံ။ ကျန်တဲ့နေရာသာ တုံးရ အ,ရမယ် ဒါမျိုးကတော့သွက်ပြီးသား။ ကိုယ်တစ်ယောက်ထဲလည်လှပြီထင်တာ အကြံတူတစ်ယောက်လည်းရှိသေးတယ်။ ကျွန်မညီမ၀မ်းကွဲလေးပေါ့။ သူကလည်း အဲဒီအသံကိုနားစွင့်နေတာလေ။ တစ်ယောက်နဲ့တစ်ယောက် လက်တို့လိုက်တာနဲ့ တန်းပြီးသဘောပေါက်လိုက်ကြတယ်။ ဒါနဲ့ပဲ အခန်းထဲက အသာလေးထွက် ခြေဖော့နင်းပြီး အဘွားခြင်ထောင်ထဲကို ပြေးဝင်ကြတာ။ ဟားဟား…ထင်တဲ့အတိုင်းပဲ အဘွားကို ပန်းသီးကြီးကိုက်လျက်သား တန်းမိတာပဲ။ အဘွားကတော့ “တော်တော်နားပါးတဲ့ဟာမလေးတွေ..နင်တို့ရန်ကိုကြောက်လို့ နင်တို့အိပ်တဲ့အထိစောင့်ပြီးမှစားတာကိုတောင်… ငါ့မှာဘယ်တော့မှဖြောင့်ဖြောင့်မစားရဘူး” အစရှိသဖြင့် ဆူလည်းဆူ၊ ရယ်လည်းရယ်ပေါ့။ ကျွန်မတို့ကတော့ သူ့ပန်းသီးကြီးကို အတင်းလုစားကြတာပဲ။ အဘွားကကျွန်မတို့ကို အတော်ချစ်ရှာတာပါ။ အစားအသောက်ဆိုလည်း ကျွန်မတို့ကိုအမြဲဦးစားပေးတာ။ ဒီလောက်ကျွေးနေတဲ့ကြားက ငတ်ကြီးကျလွန်းတဲ့ကျွန်မတို့ကို အဘွားတောင် စိတ်မရှည်တော့ဘူးပေါ့။

နောက်တစ်ခါ.. ရယ်စရာလေးရှိသေးတယ်။ ကျွန်မရဲ့ ၂နှစ်သားအရွယ်တစ်ဝမ်းကွဲမောင်လေးကို သူ့အမေ
(ကျွန်မအဒေါ်)က ငြိမ်အောင်ဆိုပြီး စတီးပန်းကန်လေးတစ်လုံးနဲ့ TVရှေ့မှာနေရာချပေးထားတယ်။ ကျွန်မလဲ သူ့ပန်းကန်ထဲက မလိုင်လုံးလေးတွေမြင်တာနဲ့ အရမ်းသွားရေကျသွားတာပေါ့။ ဒါပေမဲ့ ဒီကောင်လေးကလည်း သူ့အစားအသောက်ကို ထိလို့ကိုမရဘူး၊ အာပြဲကြီးနဲ့အော်ငိုတာ။ ကျွန်မက ဒီကလေးလောက်တော့ လှည့်တတ်ပါသေးတယ်ပေါ့။ “သားသား..ဟိုမှာ ကြည့်စမ်း…ကောင်ကောင်ကြီး” ဆိုပြီး TV ကိုလက်ညှိးထိုးပြပြီး သူ့ပန်းကန်ထဲကမလိုင်လုံးတစ်လုံးကို အမြန်နှိုက်ပြီး ပါးစပ်ထဲကောက်ထည့်ဝါးလိုက်တာ…။ အမလေး… ကံကောင်းလို့သွားမကျိုးတယ်။ သူ့အမေထည့်ပေးထားတာ မလိုင်လုံးမဟုတ်ဘဲ လောက်စာလုံးလေးတွေကိုး..။ “လောက်စာလုံးတွေလိမ့်ကုန်မှာစိုးလို့ ပန်းကန်နဲ့ထည့်ပေးထားတာ.. ကလေးတောင်ဒါကိုမစားရကောင်းမှန်းနားလည်တယ် … နင်ကငတ်တာကိုး” တဲ့။ ပြောလည်းခံရတော့မှာပေါ့။
ကျွန်မရဲ့အလွဲတွေက ဒါတွေတင်ဘယ်ကအုံးမလဲ နောက်မှဆက်ပြောပြအုံးမယ်………..